ဘဝ ဘဝ

ဒရယ်ဖို ရဲတပ်ဖွဲ့စခန်း ။

အိုဟောင်းတဲ့ အဆောက်အဦးလေးသည် ခြောက်သွေ့တဲ့ မြေနီနီလမ်းကလေး နံဘေးမှာ ရှိနေသည်။

နွေရာသီရဲ့ တစ်ခုသော နေ့လည်ခင်း …။

အညာနွေက ပူလွန်းသည် ..။ ဖုံထူထူလမ်းမပေါ်မှာ လှည်းတစ်စီး ဖြတ်မောင်းသွားလို့ ဖုံလုံးကြီး လှိမ့်ဝင်လာသည် ။ တကျွီကျွီ အသံနဲ့ တဟဲ့ဟဲ့ နွားမောင်းသံကို ကြားနေရသည် ။

စခန်းမှူး ဆန်းဦး အလုပ်စားပွဲမှာ အိပ်ငိုက်နေသည်။ ပူလွန်းလို့ စွပ်ကြယ်လက်ပြတ်နဲ့ အောက်က ယူနီဖောင်း ကာကီဘောင်းဘီနဲ့ ..။ ညှပ်ဖိနပ်နဲ့ ..။ သူ့နံဘေးက ဟောင်းနွမ်းနေတဲ့ ပန်ကာကြီးက ကလစ်ကလစ် မြည်ပြီး လည်နေသည် ..။ ညက အသုဘအိမ်မှာ သူ ဖဲရိုက်လို့ အိပ်ရေးက မ၀။

သေတဲ့ ဦးသိန်းထူးက သူနဲ့ ခင်မင်တဲ့ မိတ်ဆွေတွေမို့ သွားတာ ဝိုင်းကောင်းတာနဲ့ ခဏဆိုပြီး ဝင်ထိုင်လိုက်တာ ထလို့မရဘူး ဖြစ်သွားသည် ။ လုပ်စရာရယ်လို့ သိပ် မရှိလှဘူး ..။ ညပိုင်းကြမှ ကျေးရွာအုပ်ချုပ်ရေးရုံးတစ်ရုံးက လုပ်တဲ့ လုံခြုံရေး အစည်းအဝေး တစ်ခုကို သူ သွားတက်ရမည် ။

သူ့နယ်မြေမှာက တခါတခါ နွားခိုးမှုတွေ ဖြစ်တတ်သလို ဓါးပြမှုလည်း ဖြစ်တတ်သည်။ တော်ရုံတန်ရုံ စကားများ ဆဲဆို ပါးရိုက်တာလောက် ကိစ္စတွေက ကြီးတဲ့အမှု ငယ်စေ.. ငယ်တဲ့အမှု ပပျောက်စေဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြေလည်အောင် ညှိပေးလိုက်ကြတာ ချည်းပါဘဲ ။

သူ့စားပွဲနဲ့ မလှမ်းမကမ်းက တာဝန်မှူး စားပွဲမှာ ဒီနေ့ ဂျူတီကျတဲ့ ဒုရဲအုပ် မြင့်မောင်မောင်သည် စားပွဲပေါ် လက်ထောက်ပြီး ခဲတံတစ်ချောင်းနဲ့ စားပွဲကို တဒေါက်ဒေါက် ခေါက်နေသည် ။ သူလည်း လုပ်စရာ မရှိလို့ ပျင်းရိငြီးငွေ့နေပုံရသည် ။ အချုပ်ခန်းလေးထဲမှာတော့ မနေ့ညက မူးပြီး ရမ်းကားလို့ ထည့်ထားတဲ့ လူတစ်ယောက် ရှိနေသည် ။ နံရံကို မှီပြီး အိပ်နေသည် ။ စခန်းမှူးဆန်းဦး မျက်မှောင်ကြီးကြုံ့ပြီး မြင့်မောင်မောင်ကို လှမ်းကြည့်သည် ။

“ ကိုမြင့်မောင်မောင် .. ခေါက်မနေနဲ့ဗျာ ..။ အဲလို စားပွဲခေါက်ရင် အမှုကြီး ဝင်တတ်တယ်… တဲ့ …”

ဆန်းဦး မျက်လုံးမဖွင့်ဘဲ ပြောလိုက်တာ မြင့်မောင်မောင်က ပြုံးသည် ။ စခန်းမှူးဆန်းဦးကို ကြည့်ပြီး ..

“ စခန်းမှူးကလည်း ရှေးခေတ်က အယူအဆတွေပါဗျာ …။ ကျနော်တော့ လက်မခံပါဘူး …။ ခဲတံနဲ့ စားပွဲခေါက်တာနဲ့ဘဲ ဘာအမှုက ဖြစ်လာမှာလဲ…”

လို့ ပြောလိုက်သည် ..။ ခဲတံနဲ့ ဆက်ခေါက်နေဆဲ …။ စခန်းမှူးလည်း ဘဝင်မကျပေမဲ့ ဘာမှ ဆက်မပြောတော့ ..။ ဆက်ငိုက်နေသည် ။ စိတ်ထဲမှာတော့ မြင့်မောင်မောင်ဆိုတဲ့ လူက တော်တော် ခေါင်းမာတယ်လို့ စဉ်းစားမိသည် ။ သူ့စကားကို နားမထောင်တဲ့ မြင့်မောင်မောင်ကို သူ စိတ်ထဲမှာတော့ သိပ်မကျေနပ်ဘူး ။ အသေးဖွဲ့ကိစ္စမို့ ဘာမှ ဆက် အငြင်းမပွားချင်ဘူး ။

သိပ်မကြာလိုက် ..။ ရဲစခန်းအပြင်မှာ ရိုင်ဖယ်သေနတ်ထမ်းပြီး ကင်းကျနေတဲ့ ရဲသားဖိုးထောင် စခန်းမှူးဆန်းဦး စားပွဲရှေ့ ရောက်လာသည် ။

“ စခန်းမှူး …”

“ ဘာလဲ..ဖိုးထောင် … ဘာပြောမလို့လဲ…။ မင်း အလိုက်ကန်းဆိုးကို မသိဘူးကွာ …”

သူ ငိုက်မြည်းနေတဲ့အချိန် ရောက်လာလို့ ဖိုးထောင်ကို သူ မကျေနပ် ။

“ ကျွဲလူးအိုင်ရွာက ရွာလူကြီးတွေ စခန်းမှူးနဲ့ တွေ့ချင်လို့တဲ့.. အပြင်မှာ ရောက်နေတယ် စခန်းမှူး ..”

“ အာ….ဘာကိစ္စတဲ့လဲ …”

“ သူတို့ရွာမှာ လူသေအလောင်း တွေ့လို့တဲ့ …”

“ ဟေ … ”

လာပြီ …။ အမှုကြီး …။ လူသေမှု …။ ဒုရဲအုပ်မြင့်မောင်မောင်လည်း ဝုန်းကနဲ ထရပ်သည် ။ စခန်းမှူးဆန်းဦးလည်း ဒုရဲအုပ်မြင့်မောင်မောင်ကို ဘယ့်နှယ့်ရှိစ.. ငါမပြောဘူးလား ဆိုတဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်လိုက်သည် ။

“ အေး..လွှတ်လိုက်ကွာ …”

အမှုကတော့ တကယ်ဘဲ တက်လာပြီ ..။ ဘယ်သူက ဘယ်သူ့ကို ခုတ်သတ်ပြန်ပြီလည်း မသိဘူး ..။ ကျွဲလူးအိုင်ရွာလူကြီး ဦးဒေါင်းညို ရုံးခန်းထဲ ဝင်လာသည် ..။ အသားညိုညို ထောင်ထောင်မောင်းမောင်း ။ ကတုံးပြောင်ပြောင်နဲ့ ..။ ကော်လာကတုံး ရှပ်အဖြူ .. အကွက်ကြဲကြဲ ပလေကပ်လုံချည် ခိုပြာရောင်နဲ့ ..။ စခန်းမှူးဆန်းဦးက…

“ အုပ်ချုပ်ရေးမှူးကြီး … ထိုင်ဗျာ…။ ဘယ်လိုဖြစ်တာလဲ ပြောပြပါဦး…။ ဖိုးထောင်ရေ.. လဘက်ရည် မှာလိုက်ကွာ…”

လို့ ပြောရင်း ဦးဒေါင်းညိုကို ဖိတ်ခေါ်သည် ..။ ဒုရဲအုပ်မြင့်မောင်မောင်လည်း စခန်းမှူးစားပွဲဘေးကို ရောက်လာသည် ။ ဦးဒေါင်းညိုက ..

“ ဒီလိုပါ စခန်းမှူးကြီး ..။ ကျနော်တို့ရွာမှာ ကလေးတစ်ယောက်ကို ရွာထဲက လူဝင်စားလို့ ပြောဆိုနေကြတာ။ မနေ့ကတော့ ဒီကလေးက ‘သူဟာ ဒီဘ၀ မရောက်ခင်တုန်းက ဆင်ကျုံးရွာက ခင်ခင်ရီ…’ လို့ ပြောလာတယ် …”

လို့ စပြောပါသည် ။

“ သူ့ကို ဆင်ကျုံးရွာက လူတစ်ယောက်က သတ်လို့သေခဲ့ရတယ် ..။ ကျနော်တို့ ကျွဲလူးအိုင်ရွာအပြင်က ရေတွင်းပျက်ကြီးထဲ ပစ်ထားခဲ့တယ်…။ အရိုးကျနေပြီ….။ နေရာ လိုက်ပြပေးမယ်… လို့ ပြောပါတယ် ..။ ကျနော် အပါအဝင် ရွာကလူတွေက မယုံကြဘူး ..။ ကလေးက အထပ်ထပ် ပြောနေတော့ ကျနော်တို့လည်း သူ့ကို နေရာလိုက်ပြခိုင်းပါတယ်။ ရေတွင်းပျက်ကြီးထဲ ဆင်းကြည့်ခိုင်းတော့ ကလေး ပြောသလို မိန်းကလေးတစ်ယောက်ရဲ့ အရိုးစုကို တွေ့ရတဲ့အပြင် အခုမှ သေခါစ လတ်လတ်ဆတ်ဆတ် မိန်းမအလောင်းတစ်လောင်းကိုပါ တွေ့ရလို့ ကျနော်တို့ စခန်းမှူးကြီးတို့ကို လာအကြောင်းကြားကြတာပါ …”

လို့ ဆက်ပြောသည် ။

“ လူဝင်စားကလေးက ဘယ်အရွယ်လဲ.. သူကြီး ..”

“ ငါးနှစ်သားလေးပါ ..စခန်းမှူး ..”

“ ဟာ ..တော်တော်ငယ်တာဘဲ …။ အင်း.. ကျနော်က ဒါတွေ မယုံဘူးဗျ …။ တစ်ခုခုတော့ တစ်ခုခုဘဲ..။ ကဲ.. ဆိုပါဦး… ဒီကလေးက ခင်ခင်ရီ ဘဝတုန်းက အသက် ဘယ်လောက်မှာ သေတာတဲ့လဲ …”

“ ခင်ခင်ရီ ဆယ့်ရှစ်နှစ်အရွယ်မှာ လူတစ်ယောက်က မတရားကျင့်ကြံပြီး သတ်တယ်လို့ ကလေးက ပြောပါတယ် .. စခန်းမှူး …”

“ဟင်.. မတရားကျင့်ပြီး သတ်တယ် ဟုတ်လား…။ အိုး … သတ်တဲ့လူ .. ဘယ်သူလဲဆိုတာ ပြောလား”

“ သူကြောက်တယ်တဲ့.. မပြောရဲဘူးတဲ့ …”

မြင့်မောင်မောင်က

“ လူဝင်စားက ပြောတယ်ဆိုတာ တော်တော် အံ့သြစရာဘဲ …။ ဒါတွေ တကယ်ရှိလို့လား.. ဖြစ်နိုင်လို့လား …”

လို့ ပြောရင်း ဦးဒေါင်းညို ပြောတာကို စူးစိုက်ပြီး နားထောင်သည် ။

“ အင်း.. ဘာဘဲပြောပြော.. သူပြလို့ဘဲ အလောင်းတွေ တွေ့နေတော့လည်း ခက်သားပဲ ..။ ကိုမြင့်မောင်မောင် ကျနော်လည်း ဒါတွေ ယုံတဲ့လူ မဟုတ်ပါဘူး …”

ဆန်းဦးက သူထိုင်နေတဲ့ ကုလားထိုင်မှာ ချိတ်ထားတဲ့ သူ့ယူနီဖောင်း ရှပ်ကို ယူဝတ်လိုက်သည် ။

“အခု လတ်လတ်ဆတ်ဆတ် သေနေတာတွေ့တဲ့ မိန်းမက ဘယ်သူဆိုတာရော အုပ်ချုပ်ရေးမှူးကြီး တို့ သိပြီလား …”

“ သိပါပြီ .. ဆင်ကျုံးရွာက ခင်မှုံ .. တဲ့ ..။ အသက်က ၁၉ နှစ် ….”

“ အလောင်းက ပုပ်ပြီလား…အနံ့ထွက်လား ..”

“ မပုပ်သေးဘူးဗျ …. မနံသေးဘူး..”

“ အင်း.. လောလောလတ်လတ် သတ်တာ ဖြစ်မယ် …. ”

အံဆွဲဖွင့်ပြီး သူ့ခြောက်လုံးပြူးသေနတ်ကို ထုတ်ယူသည် ။ နံရံမှာ ချိတ်ထားတဲ့ ဦးထုပ်ကို လှမ်းယူသည် ။

“ ….ကဲ… ကျနော်တို့ လိုက်ကြည့်ကြမယ် …။ ကိုမြင့်မောင်မောင်ရေ… အမှုကတော့ ကြီးပြီဗျို့ ..။ ကျနော် လိုက်သွားမယ်…”

စခန်းမှူးဆန်းဦးသည် ရဲသားတချို့ကို သူနဲ့အတူ ကျွဲလူးအိုင်ရွာကို ခေါ်သွားသည် ။ ထုံးစံအတိုင်း မြင်းလှည်းနဲ့ ..။ ညိုတင်ရဲ့ မြင်းလှည်း ။ ဦးဒေါင်းညိုတို့ လှည်းက အရှေ့က၊ ဆန်းဦးတို့ မြင်းလှည်းက အနောက်က ..။

ပူလွန်းတဲ့နေကြောင့် သူတို့အားလုံး ချွေးတလုံးလုံးနဲ့ ။ စိတ်ထဲမှာ လှည်းတွေက နှေးတယ်လို့ သူထင်နေသည် ။ Crime scene မှုခင်းဖြစ်ပွားတဲ့ နေရာကို ရဲကားနဲ့ အမြန်သွားနိုင်တဲ့ တစ်နေ့ ရောက်ရော ရောက်ပါ့မလားလို့ တွေးနေမိသည် ။ သွက်လက်ချက်ခြာပြီး သူအမြဲ အားကိုးရတဲ့ ရဲကြပ်ကြီးဗလလည်း ပါသည် ။ ကျွဲလူးအိုင်ရွာကို လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းကဘဲ သူ ရောက်ခဲ့သေးသည် ။ နွားခိုးမှုတွေ ဖြစ်ဖြစ်နေလို့ ..။

လမ်းကြမ်းကြမ်းကို တစ်နာရီကျော်ကျော်လောက် လှည်းစီးလိုက်ပြီးနောက် အခင်းဖြစ်ပွားတဲ့ ရေတွင်းပျက်ကြီးရှိတဲ့ ကျွဲလူးအိုင်ရွာပြင်က ဇရပ်ဟောင်းကြီး နံဘေးကို ရောက်ရှိသွားသည် ..။ ဆန်းဦးက အပြာရောင် ရာဘာလက်အိပ်တစ်စုံကို ထုတ်ယူကာ သူ့လက်တွေမှာ စွပ်လိုက်ပြီး နောက်ထပ် လက်အိပ်တစ်စုံကို ရဲကြပ်ကြီးဗလကို လှမ်းပေးလိုက်သည် ။

“ အုပ်ကြီး .. တစ်ခုခုတွေ့ရင် လက်နဲ့ တန်းမကိုင်လိုက်ပါနဲ့…။ ကျနော်တို့ လက်အိပ်နဲ့ ကိုင်မယ် ..”

“ ဟုတ်ကဲ့ပါ.. စခန်းမှူး ”

လူသူ အရောက်အပေါက်နည်းပါးလို့ ခြုံနွယ်တွေထူထပ်နေသည့် နေရာတစ်ခုပါဘဲ ..။ မြက်ရိုင်းတောကြီးနဲ့ နဘူးခြုံ.. ဇီးခြုံတွေ ဆူးပင်တွေ ထူထပ်နေလို့ ဒီရေတွင်းပျက်ကြီးနားကို အနီးဆုံး စားကျက်ထဲ နွားကျောင်းတဲ့ နွားကျောင်းသားတွေ တခါတရံ ရောက်တတ်တာက လွဲလို့ ဘယ်သူမှ မရောက်ကြဘူးလို့ ဦးဒေါင်းညိုက ဆန်းဦးကို ပြောသည် ။

ရဲကြပ်ကြီးဗလက အနီးအနားကို လိုက် ကြည့်သည် ။ သဲလွန်စ တစ်ခုခု ရလိုရငြား ..။ မြက်တောထဲမှာ မိန်းမစီး ဖိနပ်လေးတစ်ရံကို တွေ့လို့ ရဲကြပ်ကြီးဗလက ဆန်းဦးကို ပြသည် ။

“ ဒါ သေတဲ့ မိန်းကလေးရဲ့ ဖိနပ် ဖြစ်နိုင်တယ်…။ သေသေချာချာ သိမ်းလိုက်ပါ ကိုဗလ ..”

ရေတွင်းပျက်ကြီးထဲကို ဆန်းဦး ငုံ့ကြည့်တော့ မဲမှောင်နေသည် ။ အပေါ်က ကြည့်လို့ ဘာမှမတွေ့ရဘူး ..။ လက်နှိပ်မီးနဲ့လည်း ထိုးကြည့်သည် ။

“ ကျနော် ဆင်းကြည့်ချင်တယ် ..”

“ ဟုတ်ကဲ့..စခန်းမှူးကြီး….”

“ မဆိုင်တဲ့လူတွေ အနား မလာစေနဲ့ဗျာ ….”

“ ဟုတ်ကဲ့..စခန်းမှူးကြီး …”

ရေတွင်းပျက်ကြီးက နက်ပေမဲ့ ရွာလူကြီးတွေက ဝါးလှေခါး စီစဉ်ပေးတာကြောင့် စခန်းမှူးဆန်းဦးနဲ့ ရဲကြပ်ကြီးဗလ အောက်ကို ဆင်းကြည့်သည် ..။ အားကောင်းတဲ့ ငါးတောင့်ထိုး လက်နှိပ်ဓါတ်မီးနဲ့ ဆင်းသွားတာ ..။ ရေတွင်းပျက်ကြီးထဲကို ရောက်တော့ အောက်သိုးသိုး အနံ့ကြီး ရလိုက်သည် ။ အလုပ်တာဝန်အရ မလွှဲသာလို့ ဒီလိုနေရာကို ဆင်းကြည့်ရတာ ..။ ဆန်းဦး တော်တော် စိတ်ညစ်သည် ။

ဟော.. တွေ့ပြီ …။ မိန်းကလေးတစ်ယောက်ရဲ့ အလောင်း ..။ မခင်မှုံအလောင်းက မပုတ်သေး ..။ သေခါစဘဲ ရှိဦးမည် ..။ နွေရာသီ နေ့လည် ဖြစ်ပေမဲ့ ရေတွင်းပျက် အောက်ထဲမှာမို့ အေးစိမ့်နေလို့ မပုတ်သေးတာ ဖြစ်မည်လို့ သူ ထင်သည် ။ ဒီနေ့ မနက်စောစော… ဒါမှမဟုတ် ညကမှ အသတ်ခံရတာမို့လည်း မပုတ်သေးတာ ဖြစ်မည်လို့လည်း သူထင်သည် ။

မခင်မှုံအလောင်းသည် ထမိန်တခြား လူတခြား ဖြစ်နေသည်..။ ဖြူဝင်းချောမောသော မိန်းကလေးသည် ပက်ပက်စက်စက် မြင်မကောင်းဘဲ ဖြစ်နေသည် ..။ သူ မိန်းကလေးအလောင်းကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ပြီး သဲလွန်စ တတ်အားသရွေ့ ရှာဖွေပြီး အလောင်းကို ဆေးရုံကိုပို့ဖို့ စီစဉ်သည် ..။ အတူ တွေ့ရတဲ့ လူရိုးစုကိုလည်း သူ စစ်ဆေးသည် ..။ လူဝင်စားကလေးက ခင်ခင်ရီလို့ ပြောတဲ့ အရိုးစု …။

အရိုးစု ကိုလည်း ဓါတ်ပုံရိုက် မှတ်တမ်းတင်ပြီး .. အရိုးစုကိုလည်း ဆေးရုံကို တပါတည်း ပို့ဖို့ စီစဉ်သည် ..။ မခင်မှုံရဲ့ အလောင်းကို ရဲကြပ်ကြီးဗလက ငုံ့ကြည့်ပြီး တတွတ်တွတ်နဲ့ စကားပြောနေတာကို အဝေးက တွေ့လိုက်လို့ သူ ဗလ ဘာလုပ်ပါလိမ့်လို့ သိချင်သွားသည် ။

“ ကိုဗလ ..ဘာလုပ်တာတုန်း …”

လို့ မေးလိုက်သည် ။

“ သေသူကို အကူအညီ တောင်းတာလေ.. စခန်းမှူး ..။ သူ့ကိုသတ်တဲ့ လူသတ်သမားကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် အကူအညီပေးဖို့ မေတ္တာရပ်ခံ တာလေ …။ အရိုးတွန်တယ်ဆိုတာ စခန်းမှူး ကြားဖူးတယ် မဟုတ်လား …”

“ အင်း…. ကြားဖူးပါတယ် …”

သူက အဲလိုမျိုး အယုံအကြည် မရှိဘူး ..။ ဒါပေမယ့် ဗလ လုပ်တာကိုလည်း သူ မတားလိုက်ဘူး ..။ ဘာမှလည်း မကန့်ကွက်ဘူး ။

“ အုပ်ကြီး …”

“ ဗျာ… ဘာလိုပါလဲခင်ဗျ…..”

“ ခင်ခင်ရီရော ခင်မှုံရောက ဆင်ကျုံးရွာက ဖြစ်နေပါလား ..။ အင်း….. ဆင်ကျုံးရွာက ရွာလူကြီးနဲ့ တွေ့ချင်တယ်.. ဖြစ်နိုင်မလား …”

“ ဟုတ်…. ဖြစ်နိုင်ပါတယ်.. စခန်းမှူးကြီး…..။ ကျုပ် လှမ်းခေါ်လိုက်ပါမယ်…”

ရွာအုပ်ချုပ်ရေးရုံး ( ယခင် ကျေးရွာကောင်စီရုံး ) ကို သူ ဦးဒေါင်းညိုနဲ့ အတူတူ ရောက်သွားသည် ။

“ကဲ…. အုပ်ချုပ်ရေးမှူးကြီး … လူဝင်စားကလေးကို ကျနော် တွေ့ချင်တယ် . . .”

“ ဟုတ်ကဲ့.. ကျနော် အသင့်ခေါ်ထားပါတယ် …”

ငါးနှစ်အရွယ် လူမမယ် ကလေးငယ် သူ့ရှေ့ ရောက်လာသည် ..။ ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ ကလေးက သူ့ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေသည် ။ ဖိနပ်မပါတဲ့ သူ့ခြေထောက်လေးတွေက ဖုံအလိန်းလိန်း.. ရွှံ့တွေသဲတွေ ပေကျံနေသည် ။ မဲညစ်နေတဲ့ စွပ်ကြယ်နဲ့ အရောင်မပေါ်တော့တဲ့ ဘောင်းဘီတိုလေး ဝတ်ထားသည် ။

“ ကလေး…မင်း နာမည် ဘာလဲ …”

“ ကြွက်နီ…”

“ မင်းအသက် မင်းသိလား ..”

“ သိတယ်..ငါးနှစ် ”

“ မင်းက အရင်ဘ၀က ဘယ်သူလဲ …”

“ အရင်ဘဝက ခင်ခင်ရီ ပါ …”

“ ခင်ခင်ရီ ဘ၀နဲ့ ဘ၀နိဂုံးချုပ်တာ ဘယ်အသက်မှာလဲ …”

“ ၁၈ နှစ်ပါ …”

“ ဘယ်လို သေရတာလဲ … ပြောပြနိုင်မလား …”

“ အသတ်ခံရတာပါ ….။ မုဒိန်းအကြိမ်ကြိမ် ကျင့်.. ဗိုက်ကြီးတော့.. ရေတွင်းပျက်ထဲ တွန်းချပြီး သတ်တာ …”

“ ဘယ်သူက သတ်တာလဲ …”

“ ကျမ မပြောရဲဘူး….။ ကျမ သူ့ကို ကြောက်တယ် ..။ သူ… ကျမကို လာသတ်လိမ့်မယ် …”

“ အေးလေ.. မင်း အခုလို လူကြားထဲ မပြောချင်ဘူးဆိုလည်း ရပါတယ်…။ မင်း ပြောချင်လာတဲ့ အချိန်ကြတော့ ငါ့ကို ပြောပြပေါ့ …။ ငါက ရဲအရာရှိ တစ်ယောက်ပါ .. မင်းကို သတ်ခဲ့တဲ့လူကို ဖော်ထုတ်မယ့်လူ ..”

ကြွက်နီက သူ့ကို မျက်လုံးပြူးပြူးလေးတွေနဲ့ စိုက်ကြည့်နေသည် ။ စဉ်းစားတွေဝေနေပုံရသည် ။ ပြောသင့် မပြောသင့် …။

ဦးဒေါင်းညိုက အနားမှာ လာစပ်စုနေကြတဲ့ ရွာသားတွေကို ပြန်ခိုင်းသည် ။ ဘယ်သူမှ မရှိတော့တဲ့အချိန် ဆန်းဦးဆီကို ကပ်လာပြီး

“ ကျုပ် သိရတဲ့ သတင်းတစ်ခု စခန်းမှူးကြီးကို ပြောပြမလို့…”

လို့ ခပ်တိုးတိုး လာပြောသည် ။

“ ဆိုပါဦး..အုပ်ကြီး…”

“ သေတဲ့ ကလေးမလေး နှစ်ယောက်လုံးက ဆင်ကျုံးရွာက ကုန်စုံဆိုင်မှာ အလုပ်လုပ်ကြတယ် ..”

“ ဟင်…. ဟုတ်လား …။ ကုန်စုံဆိုင်ပိုင်ရှင်က ဘယ်သူလဲ……”

“ ဦးနီတိုးနဲ့ ဒေါ်ခွေးမ…..တဲ့….”

“ သူတို့ကို အုပ်ကြီး သိလား ….. ”

“ ကျုပ်သိတယ်…. ရောက်လည်း ရောက်ဖူးတယ်…။ သူတို့ဆိုင်က ဆိုင်ကြီးဗျ….။ တော်တော် ပစ္စည်းစုံတဲ့ ဆိုင် … အစုံရတယ် …။ ကျုပ်ထက် အဲဒီက အုပ်ချုပ်ရေးမှူးက ပိုသိမှာပေါ့…။ မကြာခင် ရောက်လာပါလိမ့်မယ် …. ”

ကုန်စုံဆိုင်ပိုင်ရှင်တွေသည် အဓိက မေးမြန်းစုံစမ်းရမယ့် လူတွေ ဖြစ်လာပြီ ။ တကယ်တော့ လူဝင်စားလေး ပြောလိုက်တဲ့အတွက် လောလောဆယ် သတ်ထားတဲ့ မိန်းကလေးအလောင်းကိုပါ ရလိုက်တာ။ အရင်သတ်ထားတာ ဘယ်သူမှမသိ မပေါ်လို့ နောက်ထပ်တစ်ယောက်ကို ထပ်သတ်ပြီး တစ်နေရာထဲမှာဘဲ ဖျောက်ဖျက်တာ ဖြစ်မယ်။ သတ်တဲ့လူဟာ တစ်ယောက်ထဲ ဖြစ်ဖို့ များနေတယ် …။

သူစဉ်းစားနေဆဲ ခပ်လှမ်းလှမ်းကနေ သူနဲ့ ဦးဒေါင်းညို စကားပြောနေကြတာကို စိုက်ကြည့်နေတဲ့ ကြွက်နီက သူ့ဆီကို တန်းတန်းမတ်မတ် လျှောက်လာသည် ။

“ ဘာလဲ… ကြွက်နီ….။ မင်း ငါ့ကို ဖွင့်ပြောတော့မလား …. ဘယ်သူသတ်တယ် ဆိုတာ…”

ကြွက်နီက ခေါင်းညှိမ့်ပြသည် ။

“ စခန်းမှူးကြီးနဲ့ နှစ်ယောက်ချင်း ပြောလို့ ရမလား …”

“ ရတယ်…ရတယ်…”

“ သူ…သူ…သူသိရင်…လာသတ်မှာ …..”

“ မသိစေရဘူး ….စိတ်ချ ….”

ဦးဒေါင်းးညို အပါအဝင် လူအားလုံးကို ဝေးဝေးကို ရှောင်ခိုင်းလိုက်သည် ။

“ ကဲ..ကြွက်နီ….ပြောတော့…ရပြီ…..”

“ ကျမ ခင်ခင်ရီ ပါ…။ ကြွက်နီ မဟုတ်ဘူး…..”

“ အဲ… ကောင်းပြီ…. ခင်ခင်ရီ…..။ ပြော… မင်းကို ဘယ်သူ သတ်လိုက်တာလဲ……”

ကြွက်နီ မျက်ရည်တွေနဲ့ ငိုရှိုက်နေသည် ။

“ မကြောက်နဲ့ …ငါ ဘယ်သူ့ကိုမှ မပြောပါဘူး …”

ကြွက်နီက သူ့ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည် ။

“ ဦးနီတိုး … ဦးနီတိုး …..။ ကျမကို ဦးနီတိုး သတ်တာ……..”

“ ကုန်စုံဆိုင်ပိုင်ရှင် ဆိုတဲ့ ဦးနီတိုးလား…..”

“ ဟုတ်တယ် ….။ သူ…. သူ…. သတ်တာ…. လူယုတ်မာကြီး…။ ကျမကို မတရားလည်း ကျင့်တယ်…..။ အကြိမ်ကြိမ် ကျင့်တယ်……”

“ မုဒိန်းက ဘယ်နေရာမှာ ကျင့်တာလဲ ..။ ဘယ်နှစ်ကြိမ် ကျင့်ခဲ့တာလဲ …”

“ အကြိမ်ကြိမ် ကျင့်တာပါ…။ လူလစ်ရင် အတင်းဘဲ လုပ်တော့တာဘဲ ..”

“ သူ့မိန်းမ မရှိတဲ့အချိန် ကျင့်တာလား ”

“ သူ့မိန်းမ တခြားရွာဘဲ ဖြစ်ဖြစ်၊ အလှူ.. အသုဘ သွားရင်.. အမျိုးတွေဆီသွားရင် သူ့စိတ်ကြိုက် ကျင့်တော့တာဘဲ..။ နောက်ပိုင်းကြတော့ သူ့မိန်းမ ရှိနေတုန်းပါ လစ်ရင်လစ်သလို ကျမကို ပါးစပ်နဲ့ လုပ်ခိုင်းတယ် ..။ တခါတလေလည်း အတင်း တက်လုပ်တယ်..”

“ ပါးစပ်နဲ့ လုပ်ခိုင်းတယ်ဆိုတာ ဘာကို လုပ်ခိုင်းတာလဲ…..”

ကြွက်နီသည် ချက်ချင်းမဖြေ ။ မျက်နှာလွှဲ ခေါင်းငုံ့ထားပြီး

“ သူ့ငယ်ပါကြီးကို စုပ်ခိုင်းတာ …. ”

လို့ ခပ်တိုးတိုး ဖြေသည် ။

“ ဘာကြောင့် သူသတ်တယ် ထင်လဲ …”

“ ဗိုက်ရှိသွားလို့ပါ …။ ကျမ ဗိုက်ကြီးလို့….”

“ အို … သူ့ကို မင်းက ပြောပြလိုက်တာလား ..”

“ ဟုတ်တယ်..။ ကျမက ပြောလိုက်တော့ သူ တအား တုန်လှုပ် ခြောက်ခြားသွားတယ် ..။ ကျမကို တခြားရွာက လက်သည်တစ်ယောက်နဲ့ ဖျက်ချဖို့ ပြောတယ် ..။ ကျမကလည်း မဖြစ်နိုင်ဘူးလို့ ပြောတယ် ..။ ကျမ အဖေနဲ့ အမေကို ပြောပြဖို့ လုပ်တယ်..။ ဒါကြောင့် သူ ကျမကို သတ်ပစ်တာပါ …. ”

စခန်းမှူးဆန်းဦး ကြွက်နီကို သေသေချာချာ စစ်ဆေး မေးမြန်းကြည့်သည် ..။ ငါးနှစ်အရွယ် ကလေးငယ်တစ်ယောက်က ဘယ်လိုနည်းနဲ့မှ ဒါတွေကို ပြောနိုင်မည် မဟုတ်ကြောင်း သူသိသည် ..။ ထူးဆန်းတာတော့ အမှန်ဘဲ ။ လူဝင်စား ဆိုတာကို မယုံကြည်ပေမယ့် သူ့တာဝန်က အမှုမှန်ကို ဖော်ထုတ်ရမှာဆိုတော့ မေးစရာတွေ မေးရတော့မည် ။

ငါးနှစ်အရွယ်ကလေးက မုဒိန်းကျင့်သည် ဆိုတာကို ဘယ်သိနားလည်မလဲ ..။ တစ်ယောက်ယောက်က သင်ပေးတာလား ဆိုတာ သူ သိချင်နေသည် ။

“ကဲ.. ကြွက်နီ.. တစ်ခုမေးမယ် ..။ ခင်ခင်ရီဘဝနဲ့ သေသွားပြီး ဘယ်လို အခု ကြွက်နီဘဝကို ဝင်စားသလဲ ဆိုတာကော ပြောပြနိုင်မလား …”

“ ခင်ခင်ရီဘဝနဲ့ ဦးနီတိုးကြီး သတ်တာကို ခံလိုက်ရပြီး ဝိညာဉ်က ရွာစွန်က ဘုန်းကြီးကျောင်းဝင်းထဲက ညောင်ပင်ကြီးပေါ်မှာ နေခဲ့ရတယ် ..။ နောက်တော့ အခု ကြွက်နီရဲ့အမေ မလှစိန် ကိုယ်ဝန်ရှိလာတော့ သူ့ဝမ်းထဲ ကိန်းအောင်းပြီး ဝင်စားခဲ့တာဘဲ …။ မတရားသတ်ခဲ့တဲ့ လူသတ်ကောင်ကြီး အကြောင်းကို ပြောချင်နေခဲ့တာ ဝိညာဉ်ဘဝထဲကဘဲ …”

“ မုဒိန်းကျင့်တဲ့ နေရာတွေကော ပြောပြနိုင်မလား ..”

“ မုဒိန်းကျင့်တာကတော့ သူ့အိမ်မှာ နေတဲ့လူဆိုတော့ နေရာမရွေး ကျင့်တာပါဘဲ ..။ ကုန်စုံဆိုင်ထဲမှာရော.. သူ့အိပ်ခန်း.. ကျမအိပ်ခန်း.. နေရာစုံဘဲ..။ သူ့မယား မခွေးမ တခြားရွာတွေကို အကြွေးတောင်း သွားပြီဆိုရင် အတင်းကျင့်တော့တာပါဘဲ …”

“ တိတိကျကျ အထောက်အထားပြဖို့ တစ်ခုခု လူတွေ မသိတာ မင်းသိရင် ပြောပြပါလား ..”

“ အင်း.. အတွင်းကျကျဆိုရင် ဦးနီတိုးရဲ့ လိင်တန်ထိပ်မှာ မှဲ့နက်ကြီးတစ်လုံး ထင်ထင်ရှားရှား ရှိတာ ပြောပြနိုင်တယ် …”

စခန်းမှူးဆန်းဦး အခုအချိန်အထိ ကြွက်နီဟာ လူဝင်စားတစ်ယောက် ဆိုတာ မယုံနိုင်အောင်ဘဲ ဖြစ်နေဆဲ ..။

“နောက်ကော ဘာမှတ်မိသေးလဲ.. ကြွက်နီ….။ မင်းနဲ့သူနဲ့ နှစ်ယောက်ထဲ ရှိနေတဲ့အချိန် ဘယ်သူမှ မသိတဲ့ ကိစ္စတစ်ခုခု ပြောပြနိုင်မလား ..”

“ သူက ကျမကို နှစ်ယောက်ထဲ ရှိတဲ့အချိန် ရွှေရီလို့ ခေါ်တယ် ..။ လူတွေရှေ့မှာတော့ ခင်ခင်ရီ လို့ဘဲ ခေါ်တယ် …”

“ နောက်ထပ် ဘာမှတ်မိသေးလဲ …။ မင်းနဲ့ ဒီလူကြီး ဖြစ်တာတွေကို သိတဲ့လူ ရိပ်မိတဲ့လူ ရှိသလား …”

“ မမှတ်မိဘူး ….မသိတော့ဘူး …”

“ တကယ်လို့ မှတ်မိလာတာတွေ ရှိရင် ရွာလူကြီး ဦးဆိတ်ဖြူ ဒါမှမဟုတ် ဦးဒေါင်းညိုကတဆင့် ငါ့ဆီကို အကြောင်းကြားခိုင်း..။ ငါ မင်းဆီ လာတွေ့မယ် …”

“ ဟုတ်ကဲ့ …”

“ ဒါနဲ့ .. ကြွက်နီ ..။ မင်း ဆင်ကျုံးရွာကို ရောက်ဖူးလား …”

“ ဟင့်အင်း.. အခု ဒီဘ၀ ကြွက်နီအနေနဲ့ တစ်ခါမှ မရောက်ဖူးဘူး ..။ အရင်ဘဝတုန်းကတော့ ကျမက ဆင်ကျုံးရွာသူဘဲ….”

သူစဉ်းစားနေတာ အကယ်လို့သာ လူဝင်စားလေး ပြောတဲ့အတိုင်း ဦးနီတိုးသာ ခင်ခင်ရီကို သတ်တာ မှန်ရင် လောလောလတ်လတ် အသတ်ခံရတဲ့ ခင်မှုံကို သတ်တာလည်း ဦးနီတိုးဘဲ ဖြစ်နိုင်ချေများသည် ။ တိုက်ဆိုင်စွာနဲ့ တခြားလူသတ်သမား တစ်ယောက်ယောက်က ခင်မှုံကို သတ်ပြီး ရေတွင်းပျက် တွေ့တာနဲ့ ပစ်ချတာလည်း ဖြစ်နိုင်သည် ..။ အင်း .. သူ သေသေချာချာ စုံစမ်းရမည် ။

အသတ်ခံရတဲ့ နှစ်ယောက်စလုံးက ဦးနီတိုး ကုန်စုံဆိုင်မှာ လုပ်တဲ့ မိန်းကလေးတွေဘဲ ဖြစ်နေတာကိုက ဦးနီတိုးကို မသင်္ကာဖွယ်ရာ ဖြစ်စေသည် ။ အထောက်အထား မခိုင်လုံဘဲနဲ့လည်း စွပ်စွဲလို့ မရ..။ ဖမ်းတာလည်း လုပ်လို့ မရဘူး …။ လူဝင်စား က ပြောလို့ဆိုပြီး သွားဖမ်းလို့ မရ ။ လူဝင်စားတို့ စုန်းသူရဲ တို့ဝိညာဉ်လောကတို့ကို တရားရုံးတွေက ဘယ်လက်ခံမလဲ ..။

အရင်တုန်းကဆို ချက်ချင်း ဦးနီတိုးကို စခန်းကို ဖမ်းခေါ်ခဲ့ပြီး ရိုက်နှက် ညှင်းဆဲပြီး စစ်မေး ဖြောင့်ချက်ရယူမှာ ..။ အခုက ဒီလို ရမ်းလို့ မရတော့ ..။ ခေတ်ပြောင်းနေပြီ ..။ ဆန္ဒထုတ်ဖော်နိုင်တဲ့ခေတ် ဖြစ်နေပြီ ။ ပိုင်မှ သေချာမှ ခိုင်လုံမှ ဖမ်းတာက ပိုသင့်တော်မည် ။ ကောင်းမည် ။

“ ဆင်ကျုံးရွာက အုပ်ကြီး ဦးဆိတ်ဖြူ ရောက်လာပြီ… စခန်းမှူးကြီး….”

ဦးဒေါင်းညိုက ဆန်းဦးဆီကို ဦးဆိတ်ဖြူကို ခေါ်လာသည် ။ မိတ်ဆက်ပေးသည် ။ ကြွက်နီသည် ဦးဆိတ်ဖြူကို တွေ့တော့ ပြေးလာပြီး နှုတ်ဆက်သည် ။

“ ဘဘ….. အမွန်ကော… အမွန် နေကောင်းလား……”

“ ကောင်းတယ်…. ကောင်းတယ်….။ အခု မပါလာခဲ့ဘူး ….. ”

ဦးဆိတ်ဖြူမှာ ကြွက်နီသည် ခင်ခင်ရီ ဝင်စားတဲ့ လူဝင်စားဆိုတာ သိပြီး ဖြစ်သည် ။ သူ့သမီး အမွန်နဲ့ ခင်ခင်ရီတို့က သူငယ်ချင်းတွေ….။ ခင်ခင်ရီသည် အမွန့်အိမ်ကို အမြဲဝင်ထွက်ခဲ့ပြီး အမွန့်မိဘတွေနဲ့လည်း ခင်မင်ရင်းနှီးခဲ့သည် ။

“ ဦးဆိတ်ဖြူ …”

“ ဟုတ်..စခန်းမှူးကြီး……အမိန့်ရှိပါခင်ဗျ…..”

“ အုပ်ကြီး.. ကျနော် ခင်ခင်ရီရဲ့ မိဘတွေနဲ့ တွေ့ချင်တယ် ..။ စီစဉ်ပေးမလား”

“ဟုတ်ကဲ့ ရပါတယ် စခန်းမှူးကြီး ..။ ကျနော် အခေါ်လွှတ်လိုက်ပါမယ် ..”

ဆန်းဦး ကြွက်နီနဲ့အတူ ကျေးရွာအုပ်ချုပ်ရေး ရုံးခန်းလေးထဲ ထိုင်ရင်း ရွာလူကြီးတွေ ချကျွေးတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်နေသည် ။ အစားတွေက စုံသည် ။ မန္တလေးက ထိုးမုန့်.. မလိုင်ကရေကရာ…. မုံရွာတဖက်ကမ်း တွင်းတောင်က တွင်းပိုး.. ဒေါ်မြရင် မုံရွာ ဝက်အူချောင်းကြော်. ။

“ ကြွက်နီ … စား….”

ကြွက်နီက ခေါင်းခါပြသည် ။ လူဝင်စားဆိုတာ သူ့အတွက် အရင်က ကြားဘဲကြားဖူးခဲ့တာ ..။ အခု တွေ့ကြုံနေရတာတွေက ပထမဆုံးပါ ။ ကြွက်နီကို မုဒိန်းကျင့်တာနဲ့ ပတ်သက်ပြီး သူပြောပြတာတွေထက် ပိုပြီး အသေးစိတ်တာတွေ ထပ်မေးကြည့်တော့လည်း ကြွက်နီက မိန်းကလေးတစ်ယောက်ဘဲ သိနိုင်တဲ့ ခံစားချက် အတွေ့အကြုံတွေကို ပြောပြတာကြောင့် သူ တကယ့်ကို အံ့သြမိရသည် ။ ကြွက်နီသည် ကလေးငယ်တစ်ယောက်လည်း ဖြစ်သလို ယောကျ်ားလေး တစ်ယောက်ဘဲမို့ ဒီလောက် လိမ်ညာဟန်ဆောင်ပြီး မိန်းမတွေရဲ့ အတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ် ပြောနိုင်လိမ့်မယ်လို့ သူ မထင်ဘူး ။ လူဝင်စားဆိုတာ ဖြစ်နိုင်ချေ ရှိနေသည် ။

ကြွက်နီက သူ့ကို စူးစိုက်ကြည့်ပြီး ..

“ ဦးလေးရဲကြီး… ကူညီပါ .. ကူညီပါရှင် ..။ ကျမကို သတ်တဲ့ ဦးနီတိုးကို ဖမ်းပြီး အပြစ်ပေးပါ…။ ဒီလူကြီးက လူဆိုးကြီး..။ သူ မိန်းကလေးတွေကို နောက်လည်း ထပ်ပြီး မုဒိန်းကျင့်.. ထပ်သတ်လိမ့်မယ် …”

လို့ ပြောတော့ သူ ကြက်သီးတွေ ဖျန်းကနဲ ထသွားရသည် ။ ငါးနှစ်အရွယ် ကလေးတစ်ယောက် ပြောတာမျိုး မဟုတ်ဘူး ..။ ဆယ့်ရှစ်နှစ်လောက် မိန်းကလေးတစ်ယောက် ပြောနေတဲ့ လေသံဆိုတာ သူသိနေသည် ။

ခင်ခင်ရီရဲ့ မိဘတွေ ရောက်လာတော့ ကြွက်နီက

“ အဘ…. အမေ … သမီး.. အငယ်မလေ”

လို့ အော်ရင်း ပြေးဖက်သလို အဖိုးကြီး အဖွားကြီးကလည်း

“ သမီး… အငယ်မ …. ခင်ခင်ရီ….။ အမလေး.. သမီးရဲ့ ..”

ဆိုပြီး ဖက်ကြငိုကြတာကို တွေ့လိုက်ရသည် ။ ခင်ခင်ရီရဲ့ မိဘတွေက ကြွက်နီကို သူတို့သမီး ခင်ခင်ရီ ပြန်ဝင်စားသည် ဆိုတာကို အကြွင်းမဲ့ သံသယမရှိ ယုံကြည်နေကြသည် ။

ဆန်းဦး ခင်ခင်ရီ့ အဖေနဲ့ အမေကို စကားပြောကြည့်သည် ။ သူတို့က ကြွက်နီကို ပထမဆုံး စစချင်းတွေ့တဲ့ အချိန်မှာထဲက သူတို့သမီး ခင်ခင်ရီ ပြန်ဝင်စားတယ်ဆိုတာ ယုံသည် သိသည်လို့ ပြောကြသည် ။

“ အခုဘဲ ကြည့်လေ…။ ကျမတို့ သူ့ကိုခေါ်တဲ့ အငယ်မလို့ သူ့ဖာသာ သုံးပြီး ပြောလိုက်တာ…။ အီးဟီး….. ကျမတို့သမီး အစစ်ပါ….။ အမလေး… အဖြစ်ဆိုးလှချည်လား သမီးလေးရဲ့….”

ခင်ခင်ရီရဲ့ အမေသည် အော်ဟစ်ငိုကာ လဲကျသွားလို့ လူတွေ ဝိုင်းဖေးမ တွဲကြရသည် ။

“ ကဲ.. ခင်ဗျားတို့ ဘာကြောင့် ကြွက်နီဟာ ခင်ဗျားတို့သမီး ခင်ခင်ရီလို့ တပ်အပ်ပြောနိုင်သလဲ ..”

“ ဒီလိုပါ.. ဆရာ…။ ကြွက်နီက တခြားရွာကပါ ..။ ကျနော်တို့နဲ့လည်း အရင်က မသိကြတဲ့ သူစိမ်းပြင်ပြင်တွေပါ ..။ ကျနော်တို့ လင်မယား အကြောင်းတွေကို ဒီကလေး ကြွက်နီက အကုန်သိနေတာ.. အတွင်းကျကျ ကိစ္စတွေကိုပါ ပြန်ပြောနိုင်တာ.. နောက်ပြီး ခင်ခင်ရီငယ်ငယ်က ဖြစ်ခဲ့တာတွေရော ပြန်ပြောပြနိုင်တယ် ..။ ကျနော်တို့အိမ်က ခိုင်းနွားကြီးဘိုပြာ ဘာကြောင့်သေလဲ.. စာရင်းငှားပန်းဖြူ ဘာလုပ်ခဲ့သလဲ သူ အကုန်ပြောနိုင်ခဲ့တယ် ..”

“ အင်း.. ထူးဆန်းတယ်ဗျာ …။ ကျနော်တို့အနေနဲ့ လူဝင်စားပြောလို့ လူတစ်ယောက်ကို ဖမ်းဆီး အရေးယူလို့တော့ မရဘူးဗျ…။ ကျနော်လည်း စောစောကဘဲ ကြွက်နီနဲ့ စကားပြောကြည့်တော့ သူပြောတာတွေ ဖြစ်နိုင်တယ် ဆိုတာကို သိပါတယ် ..။ ကျနော် စုံစမ်း ဖော်ထုတ်မယ် ..”

ခင်ခင်ရီရဲ့ မိဘတွေက သူတို့ သမီးလေးကို မတရားကျင့်ပြီး ရက်ရက်စက်စက် သတ်ခဲ့တဲ့ လူသတ်တရားခံကို ဖော်ထုတ် ဖမ်းဆီး အပြစ်ပေးစေချင်ကြောင်း ငိုယိုပြီး ပြောကြသည် ။ ဆန်းဦးလည်း ရဲလုပ်စားလာတာ နည်းနည်းနှစ်ကြာလာလို့ ဒီလိုဘဲ နစ်နစ်ရသူတွေဖက်က ခံစားချက် နာကျည်းမှုတွေနဲ့ ပြောဆိုကြတာတွေကို ကြားဖူး တွေ့ဖူးခဲ့လို့ အဆန်းတော့ မဟုတ်တော့ပါ ။ ကြွက်နီကလည်း

“ ဦးလေးကြီးရယ်… ကျမကို မုဒိန်းကျင့်ပြီး သတ်ပစ်ခဲ့တဲ့ ဒီလူယုတ်မာကြီးကို ဖမ်းပေးပါ… ဖမ်းပေးပါ…”

လို့ တအီးအီးနဲ့ အော်ငိုပြီး ထပ်ပြောပြန်သည် ။ ခင်ခင်ရီရဲ့ အဖေကြီးက ငိုယိုပြီး

“ သမီးလေး …. သမီးလေးကို သတ်ခဲ့တဲ့ လူယုတ်မာက ဘယ်သူဆိုတာ အဖေ့ကို ပြောပြစမ်းပါ….။ ဒင်းကို အဖေ့လက်နဲ့ အပြတ်ရှင်းပစ်လိုက်မယ် ….။ သမီးသေတဲ့ အချိန်ကတည်းက အဖေ ဓါးသွေးနေခဲ့တာ …”

လို့ ပြောနေသည် ။ ဆန်းဦးလည်း သူ အတတ်နိုင်ဆုံး စုံစမ်းဖော်ထုတ်ပေးမည်လို့ ကြွက်နီမိဘတွေကို နှစ်သိမ့်ပြောဆိုလိုက်လေသည် ။ ကြွက်နီရဲ့အမေ မလှစိန် ရောက်လာလို့ သူ့ကို ဆန်းဦးက

“ ခင်ဗျားက ကြွက်နီရဲ့ အမေလား ..။ ခင်ဗျားကိုလည်း မေးစရာရှိတယ် ..။ လာ.. ဒီမှာ ထိုင်ဗျာ ..”

လို့ ပြောလိုက်ရင်း သူ့ရှေ့က ခေါက်ကုလားထိုင်မှာ ထိုင်ခိုင်းသည် ။ ကြွက်နီရဲ့အမေမှာ ရဲယူနီဖောင်းနဲ့ ဆန်းဦးကို ကြောက်ရွံ့နေတဲ့ပုံရှိသည် ။

“ ခင်ဗျားသားလေးက လူဝင်စားလို့ ပြောနေကြတယ် ..။ ခင်ဗျားရော ဘယ်လိုထင်လဲ ..”

“ ဟုတ်ပါတယ်.. ဆရာ…။ ကျမသားလေးက လူဝင်စားဆိုတ သေချာပါတယ် ..။ ဟိုဘဝက အကြောင်းတွေကို ပြောပြတာ အများကြီးပါဘဲ..။ တကယ်တော့ သူက ဘယ်ကိုမှလည်း မရောက်ဖူးသေးတဲ့ ကျောင်းတောင်မနေဘူးသေးတဲ့ ကလေးလေးပါ …”

“ ဒါဆို ဟိုဖက် ဆင်ကျုံးရွာကို ကြွက်နီ မရောက်ဖူးဘူးပေါ့ ..”

“ ဟုတ်ကဲ့ပါ.. မရောက်ဖူးပါဘူး… ဆရာ ”

“ ခင်ဗျားတို့ သူ့ကို ဆင်ကျုံးရွာကို မခေါ်သွားဖူးဘူးပေါ့ ဟုတ်လား ..”

“ ဟုတ်ပါတယ်.. ဆရာ… မခေါ်သွားဖူးပါဘူး…”

“ ဆင်ကျုံးရွာမှာ ကုန်စုံဆိုင်ဖွင့်တဲ့ ဦးနီတိုးကိုရော သိလား …”

“ မသိပါဘူးဆရာ ..။ အခု ဆရာပြောမှဘဲ ကြားဖူးပါတယ် ..”

အင်း…. ဆင်ကျုံးရွာကို သွားမှဘဲ ။

ဆင်ကျုံးရွာ ..။

ကျွဲလူးအိုင်ရွာနဲ့ ကပ်ရက်က ရွာကြီး ဖြစ်သည် ..။ ကပ်ရက် ဆိုပေမယ့် တစ်ရွာနဲ့ တစ်ရွာ တစ်မိုင်ကျော်ကျော်တော့ ဝေးကွာသည် ။ ဆင်ကျုံးရွာက ဦးနီတိုးရဲ့ ကုန်စုံဆိုင်ကြီးသည် ပစ္စည်းစုံ ဈေးမှန်လို့ ဝယ်သူမပြတ် ရောင်းကောင်းတဲ့ ဆိုင်ကြီးလို့ ဆင်ကျုံးရွာကိုအသွား လှည်းပေါ်မှာ ရွာလူကြီး ဦးဆိတ်ဖြူက ပြောပြလာသည် ။ ဦးနီတိုးသည် လယ်မြေတွေအများကြီး ပိုင်ဆိုင်သူ လယ်ပိုင်ရှင် တစ်ယောက်လည်း ဖြစ်သလို သူ့မိန်းမ ဒေါ်ခွေးမ က ရွာထဲမှာ ငွေတိုးချေးစားနေသည်လို့လည်း ထပ် ပြောပြသည် ။

သူတို့ရဲ့ ကုန်စုံဆိုင်ကြီးက ဆန်ဆီဆား ငရုတ်ကြက်သွန် ပဲနှမ်းတင် ရောင်းတာ မဟုတ်ဘဲ.. အင်္ဂလိပ် မြန်မာဆေးအမျိုးမျိုး .. ရာဘာဖိနပ်.. မိုးကာအင်္ကျီ .. ထီး.. ဖိနပ်.. အပ်.. အပ်ချည်ကအစ တိုလီမိုလီ အစုံရောင်းလို့ ရွာသူရွာသားတွေက ဘာလိုလို လာဝယ်လို့ ရကြသည် ။ မုန့်ပဲသရေစာ.. ဆေးလိပ်အမျိုးမျိုးပါ ရောင်းလို့ ကလေးလူကြီး လာဝယ်လာစားကြသည် ။ ဒီလို ရောင်းကောင်းလို့လည်း မိန်းကလေးငယ်ငယ်တွေကို ဆိုင်အကူအဖြစ် ခေါ်ခိုင်းထားရတာ ဖြစ်သည် ။

ဦးနီတိုးတွင် လယ်စာရင်းငှားတွေ အလုပ်သမားတွေ အများကြီးရှိသည် .. ။ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က ခင်ခင်ရီဆိုတဲ့ သူတို့အိမ်က ခိုင်းတဲ့ကောင်မလေး ရုတ်တရက် ပျောက်သွားခဲ့တာလည်း လူတော်တော် များများ သိခဲ့ကြပြီး လင်နောက် လိုက်သွားသလိုလို ပြောသံလည်း ကြားလိုက်ရကြောင်း ဦးဆိတ်ဖြူနဲ့ အတူတူပါလာတဲ့ ရွာကာလသားခေါင်း ကိုတောက်ထိန်က ပြောပြသည် ။

ဆင်ကျုံးရွာထိပ်ကနေ ဆင်ကျုံးရွာလူကြီးတချို့ စောင့်ကြိုနေသည် ။ စခန်းမှူးဆန်းဦးသည် သေသူ ခင်မှုံ အကြောင်းကို ဦးဆိတ်ဖြူနဲ့ ရွာလူကြီးတွေကို မေးမြန်းသည် ..။

“ ခင်မှုံရဲ့ မိဘတွေက ဘယ်သူတွေလဲ …”

“ ငတောက်..။ အဲ…. ဦးတောက်နဲ့ မိသိန်းကြည်တို့ရဲ့ သမီးပါ ..”

“ သူတို့က ဘာလုပ်လဲ..”

“ လယ်.. အလုပ်ဘဲပေါ့ ..”

“ ခင်မှုံကကော.. အလုပ်လုပ်လား .. ဘယ်မှာလုပ်လဲ”

“ လုပ်ခဲ့ပါတယ်..။ ဦးနီတိုး ကုန်စုံဆိုင်မှာပါ …”

“ ဦးနီတိုး အိမ်မှာကော နေသလား …”

“ မနေပါဘူး …။ မနက်သွားလုပ်.. ညနေပြန်ပါတယ် …”

“ ခင်မှုံ ဘယ်အချိန်က ပျောက်သွားလဲ ..။ အဲ.. ဆိုလိုတာ.. ခင်မှုံကို နောက်ဆုံး ဘယ်သူက.. ဘယ်အချိန်မှာ နောက်ဆုံး တွေ့လိုက်ကြလဲ …”

“ ဦးနီတိုး ဆိုင်ကကို ပြန်မလာတော့တာလို့ ခင်မှုံမိဘတွေက ပြောတယ် ..။ ဦးနီတိုးဆိုင်ကို သွားမေးတော့လည်း ပြန်သွားပြီလို့ ပြောပါတယ်တဲ့ …”

“ ကဲ… ဦးနီတိုးဆိုင်ကို ကျနော့်ကို လိုက်ပို့ကြပါ …”

“ ဟုတ်ကဲ့ စခန်းမှူး ….”

——————————————

ဦးနီတိုးရဲ့ စိတ်တွေ ခြောက်ခြား တုန်လှုပ်နေသည် ။ သူ ထမင်းစားနေတုန်း ခေါင်းရင်းခြံက သာ၀ ဆိုတဲ့ကောင်ရဲ့ အသံဝါကြီးနဲ့ အော်ပြောလိုက်တဲ့ အသံကို သူ ကြားကတည်းက ရင်တွေတုန် ကယောင်ခြောက်ခြားတွေ ဖြစ်နေသည်။ သာဝ အော်ပြောနေကတည်းက သူကြားလိုက်တာကို သူ မကြားဘူးထင်လို့ သူ့မိန်းမခွေးမက သူ့ကို လာပြောသည် ။

“ ကိုနီတိုး .. ခင်မှုံက ရှင်ထင်သလို လင်နောက်လိုက်သွားတာ မဟုတ်ဘူးတဲ့..။ သေနေတာ… အသတ်ခံရတာတဲ့..။ ဟိုမှာ .. သာ၀ အော်ကျယ်အော်ကျယ်နဲ့ ပြောနေတယ် ..”

အပိုင်း (၂) ဆက်လက်ဖတ်ရှု့ရန် နှိပ်ပါ 👉 ဘဝ ဘဝ (အပိုင်း ၂)

Scroll to Top